Apple Operating Systems

 


Apple ဆိုတာကိုယ်ပိုင် Operating System တွေနဲ့ Smartphone နဲ့ Computer လောကတွေမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း macOS, iOS, iPad OS, watchOS & tvOS တွေနဲ့အောင်မြင်မှုများစွာ ရယူထားနိုင်ပါတယ်။ ဒီလိုကိုယ်ပိုင် OS တွေနဲ့ရပ်တည်နိုင်တာအခုမှမဟုတ်ပါဘူး။ Apple company ရဲ့သမိုင်းတစ်လျှောက် တီထွင်ခဲ့တဲ့အဓိကကိုယ်ပိုင် OS တွေအကြောင်းကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

Apple I
Apple I (1976)

Apple ရဲ့ပထမဆုံး Product ဖြစ်တဲ့ 1976 ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Apple 1 လို့အမည်ရတဲ့ computer မှာတော့ ဘာ OS မှမပါဝင်ခဲ့ပါဘူး။ အစောပိုင်းကာလမှာ ကွန်ပျူတာတွေက Operating System မပါဝင်သေးတာကြောင့် တစ်ချိန်တည်းမှာအလုပ်တစ်ခုသာလုပ်ဆောင်နိုင်ပါတယ်။ 1956 ခုနှစ်တည်းက OS တွေပေါ်နေပြီဖြစ်ပေမယ့် Apple I မှာတော့မပါသေးပါဘူး။

Apple II Micro Computer
Apple II

DOS (1978-1983)

1978 ခုနှစ်မှာတော့ ဒုတိယ series Apple II ကိုစတင်ထုတ်လုပ်ခဲ့ပြီး ကိုယ်ပိုင် OS တွေနဲ့ပွဲထွက်လာပါပြီ။ Apple II ရဲ့ Microcomputer series တွေမှာ DOS လို့အမည်ရတဲ့ကိုယ်ပိုင် Operating System ကိုစတင်သုံးစွဲခဲ့ပါတယ်။ 1978 မှ 1983 ခုနှစ်အထိ DOS ကိုသုံးခဲ့ပြီး DOS 3.1, 3.2, 3.3 ဆိုပြီး version ၃ ခုထွက်ခဲ့ပါတယ်။ 1980 ဝန်းကျင်မှာထွက်တဲ့ DOS 3.3 ရောက်မှသာလူသိများလာတာဖြစ်ပါတယ်။

Apple II Personal Computer

ProDOS (1983-1993)

Apple II ရဲ့ Personal computer series တွေမှာတော့ ProDOS ကိုစတင်သုံးစွဲခဲ့ပါတယ်။ version 1.2 မှာတော့ ProDOS 8 လို့နာမည်ပြောင်းခဲ့ပါတယ်။ 8 bit Operating System ဖြစ်တာကြောင့် ProDOS 8 လို့ခေါ်ခဲ့တာဖြစ်ပြီး Apple II GS series မှာတော့ 16 bit ဖြစ်တာကြောင့် ProDOS 16 လို့ခေါ်ခဲ့ပါတယ်။

Apple II GS

GS/OS (1988-1993)

Apple II GS series မှာ run ထားတဲ့ Pro DOS 16 ကို 1988 ခုနှစ်မှာတော့ GS/OS လို့နာမည်ပြောင်းခဲ့ပါတယ်။ 

Apple III

SOS (1980-1982)

1980 မှာစတင်ဖြန့်ချီခဲ့တဲ့ Apple III Computer series တွေမှာတော့ SOS လို့ခေါ်တဲ့ Sophisticated Operating System ကိုသုံးစွဲခဲ့ပါတယ်။

Apple Lisa

Lisa OS (1983-1986)

1983 ခုနှစ်မှာ Apple မှစတင်ထုတ်လုပ်ခဲ့တဲ့ Apple Lisa လို့ခေါ်တဲ့ Desktop computer တွေမှာတော့ Lisa OS ကိုသုံးစွဲခဲ့ပါတယ်။ Steve Jobs ရဲ့သမီးအကြီးနာမည် Lisa Nicole Brennan ကိုအစွဲပြုပြီး Lisa OS လို့ခေါ်ဆိုခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်အောင်မြင်မှုမရခဲ့ပါဘူး။

Macintosh

Macintosh operating systems

1984 ခုနှစ်မှာတော့ Mac လို့လူသိများတဲ့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ Macintosh computer တွေစတင်မွေးဖွားခဲ့ပါတယ်။ Lisa OS ကိုဘဲအခြေခံထားတာဖြစ်ပြီး အစောပိုင်းကာလတွေမှာတော့ Classic Mac OS လို့နာမည်ပေးခဲ့ပါတယ်။ (Macintosh တွေက computer လောကမှာ revolutionary device အဖြစ်အများကသတ်မှတ်ခဲ့ကြပေမယ့် အဓိနေရာမှာပါဝင်ခဲ့တဲ့ Steve Jobs ကတော့နောက်တစ်နှစ်အကြာမှာဘဲ Apple ကနေထုတ်ပယ်ခံခဲ့ရပါတယ်)။ Jobs ရဲ့ Apple မှထွက်ခွာခဲ့တဲ့အချိန်တွေအကြောင်းကို ဒီမှာ ဖတ်လို့ရပါတယ်


Classic Mac OS (1984-1997)

အစပိုင်းမှာတော့ Software version တွေကို System 1 ကနေ System 7 ဆိုပြီးအစဉ်လိုက်ခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Macintosh clone တွေရဲ့ဈေးကွက်ကတစ်ဖြည်းဖြည်းကြီးထွားလာတာကြောင့် သူတို့ရဲ့ကိုယ်ပိုင် OS ကိုမှတ်ပုံတင်ဖို့ Software version တွေကို System ဆိုတဲ့အများဆိုင်နာမည်ကနေ ကိုယ်ပိုင်ဟန်ပါတဲ့ Mac လို့ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် version 7.6 မှစပြီး Mac OS 7.6 လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။

 

iMac G3 (Mac OS 8)

 Mac OS (1997-2001)

version 7.6 မှစပြီး Mac OS လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ ဒီနာမည်နဲ့ Mac OS 9 အထိခေါ်ခဲ့ပြီး နောက်ဆုံး version ဖြစ်တဲ့ Mac OS 9.2.2 ကို ၂၀ ရာစုကုန်ဖို့လပိုင်းအလို 1999 ခုနှစ်အောက်တိုဘာလမှာထွက်ရှိခဲ့ပါတယ်။

 

Macbook Pro 2012

Mac OS X (2001-2012)

Mac OS 9 အထိထွက်ပြီးနောက် version 10 ထွက်တဲ့ချိန်မှာတော့ Mac OS X လို့နာမည်ပြောင်းခဲ့ပါတယ်။ (X ကရောမအက္ခရာ ၁၀ ကိုယူထားတာကြောင့် Mac OS ten ဟုအသံထွက်ရန်) ။ ထိုအချိန်မှစပြီး version 10 မှာဘဲနောက်ကဂဏန်းတွေသာပြောင်းလဲပြီး Major update တွေကို code name များပေးပြီး ဆယ်စုနှစ် ၂ ခုလောက်သုံးစွဲခဲ့ပါတယ်။

Macbook Pro 2016 Touchbar

OS X (2012-2016)

2012 ခုနှစ်မှာတော့ Mac OS X ကနေ OS X လို့နာမည်ပြောင်းခဲ့ပါတယ်။


Mac Pro

macOS (2016-present)

နောက် ၄ နှစ်အကြာ 2016 ခုနှစ်အရောက်မှာတော့ macOS လို့ပြန်ပြောင်းခဲ့ပါတယ်။ ဒါပေမယ့် 1997 ခုနှစ်က Mac OS ဖြစ်ပြီး 2016 မှာတော့ macOS ပါ။

OS X ဆိုတဲ့နာမည်အတိုင်းဘဲ version တွေကို 10.xx ဆိုပြီးသာခေါ်ဆိုခဲ့ပြီး 2020 ရောက်မှ version 11 အဖြစ် update ထွက်ခဲ့ပါတယ်။ Version 10.8 အထိ Code name တွေကို တောရိုင်းတိရစ္ဆာန်နာမည်တွေပေးခဲ့ပြီး 10.9 မှစပြီး Apple အခြေစိုက်တဲ့ California ပြည်နယ်မှာရှိတဲ့အထင်ကရနေရာတွေကိုပေးခဲ့ပါတယ်။

OS X ရဲ့ Code name တွေကတော့

Public Beta (Kodiak) Kodiak ကျွန်းမြို့ ၊ Alaska ပြည်နယ်

Version 10.0 (Cheetah) ချီတာကျားသစ်

Version 10.1 (Puma) ပူးမားခြင်္သေ့

Version 10.2 (Jaguar) ကျားသစ်

Version 10.3 (Panther) ပန်သာကျားနက်

Version 10.4 (Tiger) ကျား

Version 10.5 (Leopard) ကျားသစ်တစ်မျိုး

Version 10.6 (Snow Leopard) တောရိုင်းကြောင်အကြီးစား

Version 10.7 (Lion) ခြင်္သေ့

Version 10.8 (Mountain Lion) တောင်ခြင်္သေ့

Version 10.9 (Mavericks) Mavericks ကမ်းခြေ၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.10 (Yosemite) Yosemite အမျိုးသားပန်းခြံ၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.11 (El Capitan) El Capitan ကမ်းခြေ၊ ၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.12 (Sierra) Sierra ကျေးလက်ဒေသ၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.13 (High Sierra) High Sierra တောင်၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.14 (Mojave) Mojave မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 10.15 (Catalina) Santa Catalina ကျွန်းစု၊ ကယ်လီဖိုးနီးယားပြည်နယ်

Version 11.0 (Big Sur) Big Sur ကမ်းရိုးတန်း၊ ကယ်လီဖိုးနီးယားပြည်နယ်


Apple PDA

Newton OS

1993 ခုနှစ်ကနေ 1998 ခုနှစ်ကြားမှာထုတ်လုပ်ခဲ့တဲ့ Apple ရဲ့ PDA လို့ခေါ်တဲ့ Personal Digital Assistant များနဲ့ Message Pad တွေမှာသုံးတဲ့ OS ပါ။ Apple က Newton OS ကို 1987 တည်းကစပြီး develop လုပ်နေတာဖြစ်ပြီး အခြား company များမှထုတ်လုပ်တဲ့ PDA များမှာလည်း Newton OS ကိုသုံးစွဲခဲ့ပါတယ်။ Steve Jobs Apple ကိုပြန်ရောက်ပြီး တစ်နှစ်အကြာ 1998 ခုနှစ်မှာတော့ Newton OS ကိုရပ်ဆိုင်းခဲ့ပါတယ်။

 

Apple iPhone

iPhone OS (2007-2010)

2007 ခုနှစ်မှာ iPhone နဲ့ iPod Touch တွေစထုတ်တော့ macOS ကိုအခြေခံထားတဲ့ iPhone OS နဲ့ပွဲထွက်လာခဲ့ပါတယ်။ version ၃ ခုထွက်ခဲ့ပြီးနောက် 2010 ခုနှစ်မှာတော့ iOS လို့နာမည်ပြောင်းခဲ့ပါတယ်။

 

iPad

iOS (2010-present)

2010 ခုနှစ်မှာပထမဆုံး iPad တွေစတင်ထုတ်လုပ်ချိန်မှာ iPhone OS ကို iOS လို့နာမည်ပြောင်းခဲ့ပါတယ်။ Apple ရဲ့ အဓိက OS ၃ ခုဖြစ်တဲ့ iPadOS, tvOS နှင့် watchOS တွေက iOS ကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ iPhone အဓိကမော်ဒယ်သစ်တွေထွက်တိုင်း iOS major update ကိုပါ တစ်နှစ်တစ်ခါပုံမှန်ထုတ်ပေးခဲ့ပါတယ်။

 

iPad Pro

iPad OS (2019-current)

2017 ခုနှစ်မှာထွက်တဲ့ iOS 11 မှာစပြီး iPhone မှာမရဘဲ iPad တွေအတွက်ဘဲသီးသန့်ရတဲ့ special feature တွေပါဝင်လာခဲ့ပါတယ်။ နောက် ၂ နှစ်အကြာ 2019 ခုနှစ်မှာတော့ iOS 13 version update ပေးတဲ့ချိန်မှာ iPad တွေအတွက် iPadOS ဆိုပြီးသီးသန့်ခွဲထွက်လိုက်ပါတယ်။ iOS 13 ကိုအခြေခံထားတာကြောင့် version ကိုတော့ iOS 13 နှင့်အတူ iPadOS 13 ကနေဘဲစတင်ခဲ့ပါတယ်။


Apple TV

tvOS (2015-present)

2015 ခုနှစ် Apple TV တွေစတင်ထုတ်လုပ်ခဲ့ချိန်မှာ iOS ကိုအခြေခံထားတဲ့ tvOS ကိုမောင်းနှင်ထားပါတယ်။ iPad OS လိုဘဲ iOS 9 ကိုအခြေခံထားတာကြောင့် စတင်ထွက်ရှိတည်းက tvOS 9 ကနေစတင်ခဲ့ပါတယ်။ Apple TV ဆိုတာ TV မဟုတ်ဘဲ Digital Media Player တစ်ခုဖြစ်ပါတယ်။ (ဘယ်ဘက်ထောင့်က အနက်ရောင် box အသေးလေးပါ)

Apple TV ကိုအစက iPhone, iPad, iMac တို့လိုဘဲ iTV လို့နာမည်ပေးဖို့ ဖို့စီစဉ်ခဲ့ပေမယ့် UK ရုပ်သံလိုင်း ITV မှကန့်ကွက်တာကြောင့် Apple TV လို့ဘဲခေါ်ဆိုခဲ့ရပါတယ်။

watchOS (2014-present)

2015 ခုနှစ်မှာ Apple watch တွေစတင်ထုတ်လုပ်ချိန်မှာ iOS 8 ကနေဆင်းသက်လာတဲ့ watchOS ကိုအသုံးပြုခဲ့ပါတယ်။ iOS 8.2 ကိုအခြေခံထားပေမယ့် iPadOS, watchOS တွေလိုမဟုတ်ဘဲ watchOS 1 ကနေစတင်ခဲ့ပါတယ်။ iOS 9 ထွက်တဲ့ချိန်မှာတော့ထုံးစံအတိုင်း watchOS 2 ပါတစ်ခါတည်းထွက်ရှိခဲ့ပါတယ်။

iWatch လို့မခေါ်ဘဲ Apple Watch လို့ခေါ်ရလဲဆိုတာ ဒီမှာ ဖတ်လို့ရပါတယ်။

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

Photo credit 


Swan Htet Paing


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison