Wonderful roads

 ရောက်ဖူးသင့်တဲ့ကမ္ဘာပေါ်မှာရှိတဲ့အံဖွယ်လမ်းမကြီးများ


တရုတ်ပြည်ကနဂါးလမ်းနှင့်နတ်ပြည်ဝင်ပေါက် 

တရုတ်ပြည်ဟူနန် ပြည်နယ်မှာရှိတဲ့ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင် တီယန်မန်တောင်တက်လမ်းလေးပါ။ တရုတ်ပြည်ရဲ့ နဂါးလမ်းလို့လည်းလူသိများတဲ့ ၇ မိုင်ရှည်တဲ့ဒီတောင်တက်လမ်းကနေ တောင်ထိပ်ရောက်ဖို့ အကွေ့အကောက်‌ပေါင်း ၉၉ ကွေ့ကိုဖြတ်ကျော်ပြီး ရင်သပ်ရှုမောဖွယ်တက်လာရမှာပါ။ တောင်ထိပ်မှာရှိတဲ့ နတ်ပြည်ဝင်ပေါက်လို့တင်စားခံရတဲ့ တီယမ်မန်ဂူကို‌ရောက်ဖို့ ၄၅ ဂရီမတ်စောက်တဲ့ လှေကား ၉၉၉ ထစ်ထပ်တက်ရမှာပါ။ 


Cable car နဲ့လည်းတောင်ပေါ်တက်လို့ရပါတယ်။ ဒီ‌တောင်မှာ ၄ မိုင်ခွဲရှည်တဲ့ ကမ္ဘာ‌ပေါ်မှာအရှည်ဆုံး cable car သွယ်တန်းထားပါတယ်။ ပေ ၄၂၀၀ အမြင့်ကနေ 37 degree slope နဲ့ တီယန်မန် တောင်ရဲ့အလှတရားကိုခံစားရတဲ့ feel ကတော့ဘာနဲ့မှလဲလို့ရမှာမဟုတ်ဘူး။ ဒါမှအားမရသေးရင် ပေ ၄၆၀၀ မြင့်တဲ့မှန်တံတားပေါ်လျှောက်လို့ရပါသေးတယ်။


ဒီနေရာမှာကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကလည်း challenge တွေလုပ်ခဲ့ဖူးပါတယ်။

2018 တုန်းက Dragon Challenge ဆိုပြီးနာမည်ကြီးခဲ့တဲ့ Professional ပြိုင်ကားမောင်းသမား Ho Pin Tung က Range Rover Sport Hybrid ကားနဲ့အရမ်းအန္တရာယ်များတဲ့ ၉၉ ကွေ့ကိုဖြတ်ပြီး တီယန်မန်ဂူအဝရှိတဲ့ လှေကား ၉၉၉ ထစ်ကို ၂၂ မိနစ်အတွင်း တက်ရောက်ခဲ့တဲ့ video ကိုဒီမှာကြည့်လို့ရပါတယ်။ အသက်ကယ်ကြိုးတော့ပါတယ်ဆိုပေမယ့် ကားရဲ့စွမ်းဆောင်ရည်ကိုတော့အထောက်အပံ့မပေးပါဘူး။


2019
တုန်းကလည်း Volkswagen က I.D.R လို့ခေါ်တဲ့လျှပ်စစ်ပြိုင်ကား (Prototype) နဲ့ တီယန်မန်တောင်တက်လမ်း ၉၉ ကွေ့ကို ၇ မိနစ် ၃၈ စက္ကန့်တည်းနဲ့အရောက်တက်ပြီး ကမ္ဘာ့စံချိန်တင်ထားပါသေးတယ်။ 


2. တောင်အမေရိကမှာရှိတဲ့သေမင်းလမ်း 

သေမင်းလမ်းလို့သတ်မှတ်ထားကြတဲ့ ဘိုလီဗီးယားနိုင်ငံမြို့တော် လာပက်ဇ်မြို့နှင့် ယန်ဂက်စ်မြို့နှစ်မြို့ကိုဆက်သွယ်ထားတဲ့ အလွန်မြင့်မားသောတောင်‌ပေါ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီလမ်းကကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလမ်းတစ်ခုဖြစ်ပြီး အမြင့်ဆုံးအပိုင်းမှာဆို ပေ ၁၅၀၀၀ အထိမြင့်ပါတယ်။

၁၀ ပေသာကျယ်ပြီး အကာအရံမရှိတဲ့ဒီ ယန်ဂက်စ်လမ်းက လူသေဆုံးနှုန်းအများဆုံးလမ်းတစ်ခုဖြစ်ပါတယ်။ မိုင် ၅၀ ခန့်သာရှည်ပေမယ့် တစ်နှစ်ကို ၂၀၀ ကနေ ၃၀၀ ခန့်သေဆုံးလျှက်ရှိပါတယ်။ 

အလွန်အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်ပေမယ့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ စွန့်စားရတာကြိုက်တဲ့ခရီးသွားတွေက ဒီလမ်းမှာစက်ဘီးနဲ့သွားပြီး အမေဇုန်မိုးသစ်တောရဲ့လှပတဲ့ရှုခင်းကိုခံစားကြပါတယ်။ 

ဘိုလီဗီးယားနိုင်ငံဟာအလွန်မြင့်မားသော တောင်တွေပေါများတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မြို့တော် လာပက်ဇ် ဟာဆိုရင်ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၂၀၀၀ ကျော်မှာတည်ရှိတဲ့ကမ္ဘာပေါ်မှာ အမြင့်ဆုံးမြို့တော်တစ်ခုဖြစ်ပါတယ်။

ဘယ်လောက်ထိမြင့်လဲဆို FIFA ရဲ့နိုင်ငံတကာဘောလုံးပွဲများကျင်းပဖို့ အမြင့်ဆုံးသတ်မှတ်ထားတဲ့ ပေ ၉၀၀၀ ကျော်နေတာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကျင်းပစဉ်က အိမ်ရှင်အဖြစ်လက်ခံဖို့အငြင်းပွားမှုများရှိခဲ့ပါတယ်။ 


3.  ကိုယ်ပျောက်လမ်း 

ဒိန်းမတ်မြို့တော်ကိုပင်ဟေကင်နဲ့ ဆွီဒင်နိုင်ငံ မာလမိုမြို့ကိုဆက်သွယ်ထားတဲ့ Oresund တံတားကြီးကို ကိုယ်ပျောက်လမ်းလို့လည်း တင်စားခေါ်ကြပါတယ်။ ဒီတံတားကိုမြေပေါ်မှာတစ်ဝက် ရေအောက်ထဲမှာဥမင်နဲ့တစ်ဝက် ဆောက်ထားလို့ဖြစ်ပါတယ်။

အတ္တလန်တိတ်သမုဒ္ဒရာကြီးကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ၇ မိုင်ခွဲရှည်တဲ့ဒီလမ်းမှာအပိုင်း ၃ ပိုင်းရှိပါတယ်။ ဆွီဒင်ဘက်ခြမ်းမှာ ၅ မိုင်ရှည်တဲ့တံတား၊ အလယ်မှာဥမင်ဝင်ပေါက်ကျွန်းတုနဲ့ ဒိန်းမတ်ဘက်က ၂ မိုင်ခွဲရှည်တဲ့ ရေအောက်ဥမင်လမ်းတို့ ဖြစ်ပါတယ်။ 


ဒီလမ်းကို ၂၀ ရာစုအစောပိုင်းတည်းက ဖောက်ဖို့စိတ်ကူးခဲ့ကြပေမယ့် ကမ္ဘာစစ်တွေကြောင့်ကြန့်ကြာခဲ့ပါတယ်။ စစ်ပြီးချိန်မှာလည်း နှစ်နိုင်ငံတစ်ဝက်စီကုန်ကျစရိတ်ကျခံပြီဆောက်မှာဖြစ်တာကြောင့်ညှိနှိုင်းမှုအဆင်မပြေခဲ့ဘဲ 1973 ခုနှစ်ရောက်မှ နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒါပေမယ့်နောက် ၅ နှစ်အကြာမှာစီးပွားရေးအခြေအနေကြောင့် ဒီစီမံကိန်းကိုဖျက်သိမ်းခဲ့ပါတယ်။ 1991 ခုနှစ်မှာတော့ဒီအစီစဉ်ကိုပြန်လည်စတင်နိုင်ခဲ့ပါတယ်။ 1995 ခုနှစ်မှာစတင်ဆောက်လုပ်ပြီး ၄ နှစ်အတွင်းအပြီးဆောက်နိုင်ခဲ့ပါတယ်။


1999 ခုနှစ်ဒီလမ်းဖောက်လို့ပြီးချိန်မှာ ဒိန်းမတ်အိမ်ရှေ့မင်းသား Frederik နှင့် ဆွီဒင်တော်ဝင်မင်းသမီး Victoria တို့မြေအောက်ဥမင်အတွင်းမှာ အောင်ပွဲခံခဲ့ကြပါတယ်။ 1910 ခုနှစ်တည်းကစပြီးစီစဉ်ခဲ့တဲ့ဒီတံတားကြီးကို 2000 ပြည့်နှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ နှစ် ၁၀၀ နီးပါးကြာပြီးမှ စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့တဲ့ နှစ်နိုင်ငံအောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဒီလမ်းရဲ့ဖြတ်သန်းခကတော့ ကိုယ်ပိုင်ကားဆို ၄၅ ယူရို (ကျပ်ငွေ ၆၈၀၀၀ ခန့်) အထိကျသင့်မှာဖြစ်ပါတယ်။


4. သမုဒ္ဒရာလမ်း


နော်‌ဝေနိုင်ငံမှာရှိတဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲက ကျွန်းငယ်လေးများကိုဖြတ်ပြီး ဆောက်ထားတဲ့ ၅ မိုင်ရှည်တဲ့ တံတားတစ်ခုဖြစ်ပါတယ်။ Country road 64 လမ်းမကြီးရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အတ္တလန်တိတ်လမ်း သို့မဟုတ် အတ္တလန်တိတ်သမုဒ္ဒရာလမ်းလို့ခေါ်တဲ့ ဒီလမ်းမကြီးမှာတံတား ၇ စင်းပါဝင်ပြီး ကျွန်းငယ်များနှင့်ကျောက်ဆောင်များပေါ်မှာ မြွေလိမ်မြွေကောက်ဆောက်လုပ်ထားတာပါ။ 


အစပိုင်းမှာရထားလမ်းအဖြစ်ဖောက်ဖို့စီစဉ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ၂ လမ်းသွားကားလမ်းအဖြစ်သာဆောက်ခဲ့ပါတယ်။ ဒီလမ်းလေးပေါ်မှာ ကားသို့မဟုတ်စက်ဘီးနဲ့ဖြတ်သွားပြီး အတ္တလန်တိတ်သမုဒ္ဒရာရဲ့အလှတရားကို ခံစားလို့ကောင်းတယ်ဆိုပေမယ့် တခါတရံလှိုင်းများကြမ်းတာကြောင့် ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးလမ်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ 


5. ကမ္ဘာ့အရှည်ဆုံးHighway လမ်းမကြီး 

Pan American လို့အမည်ရတဲ့ အဝေးပြေးလမ်းမကြီးက ကမ္ဘာပေါ်မှာအရှည်ဆုံး Highway ဖြစ်ပြီး မြောက်အမေရိကနှင့် တောင်အမေရိကတိုက်ကြီးနှစ်တိုက် ကနိုင်ငံပေါင်း ၁၄ နိုင်ငံကိုဖြတ်ပြီးဖောက်လုပ်ထားပါတယ်။

ဒါပေမယ့်ဒီလမ်းမကြီးကတစ်ဆက်တည်းတော့မဟုတ်ပါဘူး တောင်နှင့်မြောက်အမေရိက တိုက်နှစ်တိုက်ကိုခြားထားတဲ့ Darien Gap လို့ခေါ်တဲ့သစ်တောအုပ်ကြီးရှိတဲ့ ကိုလံဘီယာနှင့် ပနားမားနိုင်ငံကြားမှာတော့ ၆၆ မိုင်စာပြတ်နေပါတယ်။  ဒီတောအုပ်ကြီးကိုဖြတ်ပြီးလမ်းဖောက်ဖို့ကတော့မလွယ်ကူပါဘူး။ 


သစ်တောနဲ့တောင်တန်းများထူထပ်လွန်းတာရယ်၊ တောရိုင်းတိရစ္ဆာန်နဲ့ ရောဂါပိုးများကြောင့် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီဒေသအနီး ပနားမားတူမြောင်းကိုဆောက်ခဲ့စဉ်က ကူးစက်ရောဂါကြောင့် လူ ၂၈၀၀၀ သေဆုံးခဲ့ပါတယ်။ ပနားမားရထားလမ်းဖောက်စဉ်ကလည်း အလုပ်သမား ၁၂၀၀၀ ကျော်အသက်ဆုံးခဲ့ဖူးပါတယ်။ ဒါကြောင့်ဒီနေရာကိုဖြတ်ပြီးလမ်းဖောက်ဖို့ဆိုတာ အိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။


Darien Gap ကိုကားနဲ့အောင်မြင်စွာဖြတ်သန်းသွားဖူးတဲ့သူတွေရှိပါတယ်။ 1985 ခုနှစ်က CJ Jeep Wrangler ကားနဲ့ ကိုဒီမရဏတောအုပ်ကြီးကို ၇၁၄ ရက် (၂ နှစ်နီးပါး) ကြာခဲ့ပါတယ်။


To be continue







 






Popular posts from this blog

BMW ရဲ့ Kidney Grille ကိုဘယ်ချိန်တည်းကစသုံးခဲ့တာလဲ

Suzuki Swift vs Kia Picanto vs Hyundai Grand i10 Comparison

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison