Korea Democracy Movement

ကိုရီးယားပြည်သူတွေကမြန်မာပြည်အရေးမှာတက်တက်ကြွကြွပါဝင်တာတွေ့ရတယ်။ KBS ရုပ်သံလိုင်းမှာပြတဲ့ချိန်မှာလည်း သူတို့လည်း 1987 ခုနှစ်ဒီမိုကရေစီမရခင် လက်ရှိမြန်မာပြည်ရဲ့အခြေအနေနဲ့ဆင်တူတဲ့အခြေအနေတွေကျော်ဖြတ်ခဲ့ရတယ်ပြောသွားတယ်

ဒီရက်ပိုင်းကိုရီးယားသမိုင်းကိုသေချာလေ့လာဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန်ရုပ်ရှင်တွေလည်းကြည့်ဖြစ်တယ်။ ဒီမိုကရေစီရဖို့ ခက်ခက်ခဲခဲတိုက်ယူခဲ့ရတယ်။ အသက်တွေလည်းအများကြီးစတေးခဲ့ရတယ်။ ဒါကြောင့်လည်းလက်ရှိမြန်မာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့ကြတယ်။ တကယ်မိတ်ဆွေကောင်းနိုင်ငံပါ။ ဒါပြီးရင် ကိုရီးယားထုတ်ကုန်တွေကိုပိုပြီးအားပေးရမယ်။

 ကိုရီးယားဒီမိုကရေစီတိုက်ပွဲဖြစ်ရပ်မှန်ရုပ်ရှင်ကြည့်ဖြစ်တာ ၃ ကားရှိပါတယ်။

- May 18 (2007)

- Taxi Driver (2017)

- 1987 : When the day comes (2017)

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေမို့ Spoiler alert တော့နည်းနည်းပါပါမယ်။ 

 


May 18 (2007)

1980 ခုနှစ်မေလ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဂွမ်းဂျူးမြို့ ချိုနမ်တက္ကသိုလ်ကျောင်းသားတွေကစတင်ခဲ့တဲ့ သပိတ်မှောက်မှုကြီးအကြောင်းရိုက်ကူးထားတာပါ။ ၁၀ ရက်တာဖြစ်ပွားခဲ့တဲ့ ကာလတိုတော်လှန်ရေးဖြစ်ပေမယ့် အသက်များစွာစတေးခဲ့ရပါတယ်။

 


1980 ခုနှစ်မေလ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဂွမ်ဂျူးမြို့ မှာဆန္ဒပြမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြပြည်သူတွေကို စစ်သားတွေကရက်ရက်စက်စက် ပစ်သတ်ခဲ့ကြပါတယ်။ ဒါပေမယ့်အစိုးရက ဂွမ်ဂျူးမြို့ကို အဝင်အထွက်ပိတ်ဆို့ထားခြင်း၊ ဖုန်းလိုင်းများဖြတ်ထားခြင်း၊ သတင်းအမှောင်ချထားခြင်းတို့ကြောင့် အခြားမြို့ကသူတွေတောင် အခြေအနေအမှန်ကိုမသိခဲ့ကြပါဘူး။ နိုင်ငံပိုင်သတင်းဌာနတွေမှာလည်း ပြည်သူများကအကြမ်းဖက်လို့ လူစုခွဲခဲ့တယ်လို့သာတစ်ဖက်သတ်ဖော်ပြခဲ့ပါတယ်။ (လက်ရှိမြန်မာပြည်နဲ့တူပါတယ်)။

 


Taxi Driver (2017)


1980 ဂွမ်ဂျူးအရေးတော်ပုံကာလမှာဖြစ်ပျက်နေတဲ့အကြမ်းဖက်မှုတွေကို ကမ္ဘာကသိအောင်ချပြနိုင်ဖို့ ဂျာမန်သတင်းထောက် ဟိန့်ဇ်ပီတာကသတင်းလာယူစဉ် Taxi ကားဆရာတစ်ယောက်က အန္တရာယ်တွေကြားက လိုက်ပို့ပေးခဲ့တဲ့အကြောင်းဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ နောက်တစ်ကြိမ်ပြန်လာရှာခဲ့ပေမယ့်နာမည်နဲ့ဖုန်းနံပါတ်အမှားသာပေးခဲ့တာကြောင့် ပြန်ရှာမတွေ့တော့ပါဘူး။  


ဒီကားဆရာဘယ်သူလဲဆိုတာဘယ်သူမှမသိခဲ့ဘူး။ ဂျာမန်သတင်းထောက်ဟိန့်ဇ်ပီတာက 2003 ခုနှစ်ကိုရီးယားမှာ ဂုဏ်ထူးဆောင်ဘွဲ့ရတုန်းကလည်း သူ့ဘဝမှာဒီအခိုက်အတန့်တွေကို ဘယ်တော့မှမေ့လို့မရကြောင်း၊ ရဲရင့်တဲ့ကားဆရာနဲ့ နောက်တစ်ကြိမ်ဆုံချင်ကြောင်းပြောခဲ့ပါတယ်။ 2015 ခုနှစ်မှာလည်း ဒီအကြောင်းတွေကိုပြန်ပြောပြရင်း ပြန်ရှာချင်တာကြောင့် ဖြစ်ရပ်မှန်ရုပ်ရှင်အနေနဲ့ရိုက်ကူးခဲ့ရာ 2017 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ 


ဒီရုပ်ရှင်ထွက်ပြီးချိန်မှာတော့ သူ့မိသားစုနဲ့အဆက်အသွယ်ရခဲ့ပါတယ်။ ဒါပေမယ့်ဝမ်းနည်းဖို့ကောင်းတာက ရုပ်ရှင်ထွက်ဖို့တစ်နှစ်အလို 2016 ခုနှစ်မှာ အသဲကင်ဆာနဲ့ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူ့အကြောင်းဂုဏ်ပြုပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်ကြည့်ခွင့်မရသွားပါဘူး။ 

 1987 (When the days come)


1987 ခုနှစ် ဇွန်လ ၁၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ June Struggle လို့ခေါ်တဲ့သမိုင်းဝင်သပိတ်မှောက်မှုကြီး အကြောင်းရိုက်ကူးထားတာပါ။


 ဂွမ်ဂျူးအရေးတော်ပုံရဲ့နောက်ဆက်တွဲအနေနဲ့ 1980 ပြည့်နှစ်လွန်တွေမှာ ပတ်ဂျောင်ချောဦးဆောင်တဲ့ ဆိုးလ်တက္ကသိုလ်ရဲ့ကျောင်းသားတွေက သမ္မတချွန်ဒူးဟွမ်ရဲ့အာဏာရှင်စနစ်ကိုတက်ကြွစွာတော်လှန်ခဲ့ကြပါတယ်။ 1987 ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ကျောင်းသားခေါင်းဆောင် ပတ်ဂျောင်ချောကရဲတပ်ဖွဲတွေရဲ့အသက်ဆုံးတဲ့အထိနှိပ်စက်ခဲ့ကြရာကနေ တရားမျှတမှုအတွက် ဆူပူမှုတွေဖြစ်လာခဲ့ပါတယ်။ 


ဒီလိုနဲ့ဆန္ဒပြပွဲဟာတစ်ဖြည်းဖြည်းကြီးထွားလာရာကနေ ဇွန်လ ၉ ရက်နေ့ ယွန်ဆေးတက္ကသိုလ်မှာဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲခဲ့ရာ ဒီအရေးအခင်းမှာတက်ကြွပါဝင်ဦးဆောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား လီဟန်ယောင်းကမျက်ရည်ယိုဗုံးဦးခေါင်းမှန်ပြီးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ 


ဒီအချိန်မှာတော့မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ အာဏာရှင်လက်အောက်မှာဆက်မနေနိုင်တော့တဲ့ ကိုရီးယားတစ်နိုင်ငံလုံးထကြွလာတာကြောင့် ပြည်လုံးကျွတ်သပိတ်ကြီးပေါ်ပေါက်လာပါတော့တယ်။ တစ်နိုင်ငံလုံးစည်းစည်းလုံးလုံးနဲ့ ရက် ၂၀ ကြာတိုက်ပြီးနောက်မှာတော့ သမ္မတချွန်ဒူးဟွမ်ကရွေးကောက်ပွဲပြန်လုပ်ပေးဖို့ ကြေညာခဲ့ပါတယ်။

 


လီဟန်ယောင်းကတော့ဒီဒဏ်ရာတွေနဲ့ဘဲ နောက်တစ်လနီးပါးအကြာ ဇူလိုင်လ ၉ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ သူသေဆုံးတဲ့ချိန်မှာ အရေးတော်ပုံအောင်သွားပြီးဖြစ်တာကြောင့် ဒီမိုကရေစီသူရဲကောင်းဖြစ်တဲ့  လီဟန်ယောင်းရဲ့ဈာပနကိုနိုင်ငံတော်အဆင့်အခန်းအနားနဲ့ကျင်းပခဲ့ပြီး ကိုရီးယားပြည်သူ ၁.၆ သန်းကျော်ပို့ဆောင်ခဲ့ပါတယ်။

 ရက် ၂၀ သာတိုက်ပြီးအနိုင်ရခဲ့တဲ့ဒီမိုကရေစီတိုက်ပွဲအကြောင်းမဟုတ်ဘဲ ဒီလူထုအုံကြွမှုကြီးဖြစ်ပေါ်လာပုံကိုရိုက်ထားတာဖြစ်လို့ ဟိုနှစ်ကားလိုမဟုတ်ဘဲ နည်းနည်းတော့ပျင်းဖို့ကောင်းပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားတွေကို ဒီမှာ ဒေါင်းလို့ရပါတယ်

Swan Htet Paing 

Popular posts from this blog

Toyota Vios vs Hyundai Accent vs Suzuki Ciaz Comparison

iPhone ထဲမှ Contact များကို Andriod ဖုန်းထဲ Smart ကျကျပြောင်းထည့်နည်း (Via Gmail Sync)

Bluetooth မပေါ်ခင်က Data Transfer အဖြစ်သုံးခဲ့တဲ့ Infrared